သိခြင်း မသိခြင်း

ယောက်ျားများက မိန်းမများအကြောင်း အတန်အသင့်သိထားသည်ဟု ယူဆကြသည်။ အတန်အသင့် သိထားခြင်းသာ ကောင်းပါသည်။ ရာနှုန်းပြည့်သိရန် ကြိုးပမ်းလျှင် ရူးသွပ်ပြီး အသက်တိုနိုင်၏။

မိန်းမများက ယောက်ျားများအကြောင်း တော်တော်ကြီး သိထားသည်ဟု ယူဆကြသည်။ တော်တော်ကြီးသိထားခြင်းသာ ကောင်းပါသည်။ ရာနှုန်းပြည့်သိရန် ကြိုးပမ်းလျှင် ယောက်ျားများ၏ စိတ်ဝင်စားခံရမှု ဆုံးရှုံးသွားနိုင်ပါသည်။

ခင်ပွန်းသည်အကြောင်း A to Z သိထားသည်ဟု ဇနီးသည်များက ပြောလေ့ရှိသည်။ ဇနီးအကြောင်း ကကြီးမှ အ အထိ သိထားသည်ဟု ခင်ပွန်းသည်များက ပြောလေ့ရှိကြသည်။ တကယ်တော့ ရာနှုန်းပြည့် မမှန်ပါ။ ထိုသို့သာ သိရိုးမှန်လျှင် ကွာရှင်းမှုဆိုင်ရာ ဥပဒေအကျိုးဆောင်များ ကျိကျိတက် ချမ်းသာနေကြမည် ဖြစ်ပါသည်။

ဆရာများက တပည့်အကြောင်း သိသည်ဟု ပြောကြသည်။ ယင်းဆိုချက်မှာ တပည့်များက ဆရာများအကြောင်း သိထားသည်နှင့်ယှဉ်လျှင် ဆင်နှင့်ဆိတ်ကဲ့သို့ အနေအထားသာရှိပါသည်။ ထို့ကြောင့် ဆရာများက တိတ်တိတ်ကလေးသာ နေသင့်ပါသည်။

အချို့ကငွေကိုယုံသည်၊ အချို့ကလူကိုယုံသည်၊ အချို့ကနှစ်ခုစလုံးကို ယုံသည်၊ အချို့က နှစ်ခုစလုံးကိုမယုံ။ ငွေကိုယုံလျှင် ရူးတတ်သည်။ လူကိုယုံလျှင် နှလုံးရောဂါရနိုင်သည်။ နှစ်ခုစလုံးကိုယုံလျှင် သက်ဆိုးမရှည်တတ်။ နှစ်ခုစလုံးကိုမယုံလျှင် လူဖြစ်ရှုံးတတ်၏။

ဆရာဝန်အကြောင်း လူနာများက ပိုသိသည်။ ရှေ့နေအကြောင်း အမှုသည်များက ပိုနားလည်သည်။ မန်နေဂျာအကြောင်း ဝန်ထမ်းများက ပိုသိသည်။ မိဘအကြောင်း သားသမီးများက ပိုသိပါသည်။ ထိုသို့ပိုသိခြင်း ပိုတတ်ခြင်းတို့ကြောင့် လူနာများ၊ အမှုသည်များ၊ ဝန်ထမ်းများနှင့် သားသမီးများ ပိုပြီးအရစ်ခံရ အဟောက်ခံရ အကြိမ်းခံရ ဖြစ်တတ်၏။ ထို့ကြောင့် မသိချင်ဟန် ဆောင်နေသင့်ပါသည်။
Latest Entries
Latest Comments
Latest Trackbacks
Monthly Archive
Category
Search Form
RSS
Link
Powered By FC2 BLOG

Let's start blogging!!

Powered by FC2BLOG